19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
သီပေါဘုရင် နတ်ရွာစံ နှစ်တစ်ရာပြည့်
ဘ၀ကံကြမ္မာကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့ရသော နန်းကျ သီပေါဘုရင်

''တစ်ထောင့်နှစ်ရာ လေးဆယ့်ခုနစ်ခုနှစ်မှာ အတည်၊ တန်ဆောင်မုန်းလဆုတ် ရှစ်ရက်နေ့ကိုတော့ဖြင့် မမေ့နိုင်ပါ အတည်၊ ယနေ့တိုင်ပါပြီ၊ ရေမြေ့ရှင်ကို ယူငင်သွားတော့ လူရှင်များက ကြေကွဲကြလို့ ရေနည်းငါးပုံအညီ၊ သြော်- သီပေါရာဇာ ပါတော်မူရှာပြီ'' (ပါတော်မူ သီချင်း။ စိန်ပါတီ ဆို၊ ရွှေတိုင်ညွှန့်ရေး)
    ဤစာရေးသူ တက္ကသိုလ် စိန်တင်တို့ ပုခက်တွင်းက ကလေးသူ ငယ်ဘဝ၊ မောင်စိန်တင်ကလေး အဖြစ် အမေသီဆိုချော့သိပ်ခဲ့၍ အိပ်ပျော်ခဲ့သော သီချင်းဖြစ်ပေသည်။ သီပေါဘုရင် မင်းတရားနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့ အား မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် နယ်ချဲ့ ဗြိတိသျှ ကုလားဖြူ စစ်တပ်ကြီးက မန္တလေး ရတနာပုံ မင်းနေပြည်မှ ဖမ်းဆီးခေါ်ဆောင်သွားပုံကို ဂီတစာဆို ရွှေတိုင်ညွန့်က ရေးဖွဲ့၊ စိန်ပါတီသီ ဆိုခဲ့သော 'ပါတော်မူ' သီချင်းပင် ဖြစ်ပေ၏။
    ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရတနာ ဂီရိမြို့၌ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် သီပေါမင်းမြတ် နတ်ရွာစံသော နှစ် ၁ဝဝ ပြည့် အခမ်းအနားကို သီပေါဘုရင်၏ ဆွေတော်မျိုးတော်များက ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ သီပေါမင်း၏ မြစ်တော်သူ ဦးစိုးဝင်းနှင့် ခင်ဒေဝီတို့ ဦးစီးတက် ရောက်ခဲ့ကြ၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၊ စာရေးဆရာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ငြိမ်း) ဦးသန်းဆွေ (မောင်သန်းဆွေ - ထားဝယ်) တို့ အပြင် နိုင်ငံတော် သံဃမဟာနာ ယက အဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော် ဆရာ တော်နှင့် သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ တို့ပါ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်း အနား၌ သီပေါဘုရင် မင်းတရား နတ်ရွာစံ နှစ်တစ်ရာပြည့် အထိမ်း အမှတ်အဖြစ် ဆရာတော် သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်း၊ ရေစက်သွန်းချ အမျှဝေ ခဲ့ကြသည်ဟု ကြေးမုံနှင့် မြန်မာ့အလင်း၊ ဒီမိုကရေစီတူဒေး သတင်း စာတို့တွင် ဖတ်ရှုရပေသည်။ သီပေါဘုရင်ကို ရတနာပုံ မြို့တည်၊ နန်းတည်၊ ပဉ္စမ သံဂါယ နာတင် ဒါယကာမင်းမြတ်၊ မင်းတုန်းမင်း တရားကြီးနှင့် လောင်းရှည် မိဖုရား နန္ဒာဒေဝီတို့က မြန်မာ သက္ကရာဇ် ၁၂၂ဝ ပြည့်နှစ်၊ ခရစ်နှစ် ၁၈၅၈ ခုနှစ်တွင် ရတနာ ပုံမင်းနေပြည်၌ မွေးဖွားခဲ့သည်။ သီပေါဘုရင်သည် သက်တော် ၂ဝ ပြည့်ချိန် ခရစ်နှစ် ၁၈၇၈ တွင် ရတနာပုံ ရွှေနန်းကို သိမ်းမြန်းစိုးအုပ်မင်းလုပ်တော်မူ ခဲ့သည်။
    ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင် ဘာလ ၃ဝ ရက်နေ့တွင် ဗြိတိသျှ ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်စ် ဦးစီးသော နယ်ချဲ့စစ်တပ်ကြီးသည် ရတနာပုံ ရွှေနန်းရှင် ဘုရင်သီပေါ နှင့် မိဖုရားခေါင်ကြီး စုဖုရားလတ် တို့ကို မတရားဖမ်းဆီးကာ အိန္ဒိယ နိုင်ငံ ရတနာဂီရိမြို့သို့ ခေါ်ဆောင် သွားခဲ့သည်။ ထိုမြို့တွင် သီပေါ ဘုရင်သည် ၃၁ နှစ်တိုင်တိုင် အကျဉ်း ခံဘဝ၊ နိုင်ငံ၏ နန်းကျ ဘုရင် ဥသျှောင်အဖြစ် ဘဝခရီးကို ပင်ပန်း ဆင်းရဲကြီးစွာ လျှောက် လှမ်းခဲ့ရသော သမိုင်းမော်ကွန်း ကျန်ရစ်ခဲ့သည်။
(၂)
    ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာသင် ကထိက တစ် ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော နိုင်ငံသမိုင်း သုတေသီ ဆရာ ကြီး (W.S. Desai) ဒေဆိုင်းသည် The Deposed King Thibaw of Burma in India (1885- 1916) အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ဖော်ပြပါရှိသော သီပေါဘုရင်၏ အိန္ဒိယနိုင်ငံရောက် အကျဉ်းခံ နေ့ရက်များအကြောင်းကို ဖတ်ရှုသူတိုင်းပင် ကြေကွဲဝမ်းနည်းစွာ ခံစား ကြရသည်။ သီပေါဘုရင်မင်းမြတ် သည် နယ်ချဲ့ဗြိတိသျှအစိုးရက ပေးသော မဝရေစာ ထောက်ပံ့ငွေကလေး ရူပီးငွေ အနည်းငယ်နှင့် မိဖုရားနှစ်ပါး၊ (စုဖုရားလတ်နှင့် စုဖုရားငယ်)၊ သမီးတော် လေးပါးတို့နှင့်အတူ အခြွေအရံစားရိတ်၊ အပျိုတော်၊ ကိုယ်ရံတော် စားရိတ်များကို မဝရေစာပေးထားသော လစာငွေဖြင့် သုံးစွဲခဲ့ရ ရှာပေသည်။ သို့သော် သီပေါဘုရင်သည် တော်ရုံဖြင့် အလျှော့ပေးတတ်သော ယောက်ျား ညံ့မဟုတ်ကြောင်းကို သမိုင်းသုတေသီ ဆရာကြီးဒေဆိုင်း ရေး သားပြုစုခဲ့သော အထက်ဖော်ပြပါ စာအုပ်၌ ဖတ်ရှုကြရသည်။
(၃)
    သီပေါဘုရင်အတွက် စိတ်မသက်မသာဖြစ်ရသော ပထမဆုံး ပြဿနာမှာ သီပေါဘုရင် နန်းမကျမီ ရတနာပုံ မင်းနေပြည်၌ နန်းစံနေစဉ်က မိမိတို့ထံပေးဆပ်ရန်ရှိ သော ကြွေးငွေများကို အမြန်ပေး ဆပ်ရန် ကြွေးတောင်းသူ ၄၁ ဦးက W.O.Law  ဆိုသူ ရှေ့နေတစ်ဦးမှ တစ်ဆင့် တရားဥပဒေနှင့်အညီ နို့တစ်စာပေး၍ တောင်းဆိုလာသည်။  ရှေ့နေ 'လော' က၊ ဗြိတိသျှ အစိုးရသည် နန်းကျဘုရင်ထံသို့ မိမိတောင်းဆိုသော ငွေကြေးကို မကန့်ကွက်သင့်ကြောင်း၊ အကယ်၍ ကန့်ကွက်တားဆီးပါလျှင် ဗြိတိသျှအောက်လွှတ်တော်အထိ မိမိတက်ရောက်ဆောင်ရွက်ကာ သီပေါဘုရင်ထံမှ ကြွေးငွေများကို ရအောင်တောင်းမည်ဟု ခြိမ်းခြောက်လေသည်။
    ဤအတောအတွင်း ရတနာဂီရိမြို့ ရောက်နေသော အကျဉ်းခံ ဘုရင်သီပေါသည် သမီးတော် လေးပါး၊ မိဖုရား နှစ်ပါး၊ အခြွေအရံ အမှုထမ်း ၄ဝ တို့အတွက် မိမိ ရရှိသော ဗြိတိသျှအစိုးရက သတ်မှတ်ထုတ်ပေးသည့် လစာ ရူပီးငွေ ၅ဝဝဝ ထဲက အိမ်တော်ဝန် မစ္စတာအောလ်ဘွန်က အသုံး စားရိတ်ပိုပြပြီး မိမိကိုယ်ကျိုးအတွက် သုံးစွဲနေသည်။
    သီပေါဘုရင်မှာ ဗြိတိသျှအစိုးရ ထောက်ပံ့ငွေဖြင့် မလုံ လောက်သဖြင့် မန္တလေးရတနာပုံ နေပြည်တော်မှ ပါလာသော ရွှေထည် လက်ဝတ်ရတနာများကို လစဉ် ထုတ်ရောင်းသုံးစွဲနေရသည်။
    ၁၈၉၃ ခုနှစ် ဘုရင်နန်းကျ ပြီး ရှစ်နှစ်အကြာတွင် သီပေါဘုရင်ထံ၌ ထုတ်ရောင်းရန် ရတနာ ပစ္စည်း မရှိတော့ပြီ ထင်ရ၏။ ဘုရင်သည် အိန္ဒိယဘဏ်လုပ်ငန်း ရှင် တစ်ဦးထံက ရူပီးငွေ ကျပ် ၂ဝဝဝ ကို သင်္ကြန်ရေ သဘင်ပွဲ ကျင်းပရန် ခေတ္တချေးယူခဲ့သည်။ ထိုချေးငွေကို သီပေါဘုရင် ပြန်ဆပ်ရန် ဘဏ်တိုက်က နို့တစ်စာ အကြိမ်ကြိမ်ပို့၏။ သီပေါဘုရင်မှာ ''ပေးစရာငွေမရှိ၊ ပြေးစရာမြေ မရှိ'' ဆိုသော မြန်မာ စကားပုံအတိုင်း ထိုဘဏ်ကြွေးငွေ ဆပ်ရန် လုံးဝ (လုံးဝ) ငွေမရှိရာချေ။
    သီပေါဘုရင်နှင့် မိသားစုအတွက် ဗြိတိသျှ အစိုးရက နှစ်စဉ် ၄၆၇၉၄ ရူပီးသုံးစွဲရန် ခွင့်ပြုထားသည်။ ထိုငွေနှင့် ဘုရင့်အသုံး စားရိတ်မှာ မြန်မာစကားပုံအရဆို ရလျှင် 'ဆင့်ပါးစပ်နှမ်းပက်' သလိုဖြစ်၍ ဘုရင်သည် ရတနာ ပစ္စည်းများကို လစဉ်ထုတ်ရောင်းချ ခဲ့ပေရာ နန်းကျပြီး ၁၁ နှစ်အကြာ ၁၈၉၆ ခုနှစ်တွင် သီပေါဘုရင်ထံ၌ ကျောက်မျက်၊ ရတနာ ရွှေငွေဆို၍ မိမိကိုယ်၌ ဝတ်ဆင်ထားသည် မှအပ လုံးဝမကျန်ရှိတော့ပြီ။
    ဤသို့ဖြစ်ရသည်မှာ သီပေါ ဘုရင်၏ ကြွေးမြီပေးဆပ်ရေး ဥပဒေအရ ဘုရင်ပိုင် ရွှေငွေ ရတနာ ပစ္စည်းများအားလုံးကို ၁၈၉၅ ခုနှစ်တွင် ဗြိတိသျှ အစိုးရ ထံသို့ လုံးဝလွှဲအပ်ပေးလိုက်ရ၍ ဖြစ်သည်။
    ဤအတွင်း သီပေါဘုရင်နှင့် မိဖုရားကြီး စုဖုရားလတ်တို့၏ ပထမ သမီးတော်သည် အိမ်တော် တံခါးစောင့် ကုလား 'ဂိုပယ်လ် ဘောရိုးဆာဝန်'နှင့် သမီးရှည်းစား ဖြစ်ကာ၊ အမှားအယွင်းကြုံ၍ 'တုတု' အမည်ရှိ သမီးတစ်ဦးမွေးဖွားခဲ့သည်။ ၁၉ဝ၆၊ နိုဝင်ဘာ ၆ ရက်နေ့တွင် 'တုတု' ကို မွေးဖွားခဲ့ ရာ နောင်အခါ၌ ဘုရင်နှင့် မိဖုရား တို့၏ အသည်းကျော် မြေးမ ကလေးဖြစ်လာသည်။ မန္တလေး နန်းတွင်းမှာသာဆိုလျှင် အိမ်တော်တံခါးစောင့် ဂိုပဲလ်၏ စော်ကားမှုမှာ သေဒဏ်ထက် မလျော့နိုင်ပေ။
    ၁၉၁၂ ခုနှစ်တွင် မိဖုရားငယ်၊ စုဖုရားငယ် (၅၁နှစ်)မှာ နာဖျားမကျန်းဖြစ်၍ နတ်ရွာစံရှာ၏။ မိဖုရားငယ်မှာ ဘုရင့်သမီးတော် လေးပါးကို စောင့်ရှောက်ပြုစုခဲ့သူဖြစ် သည်။
ဤအတွင်း ၁၉၁၁ ခုနှစ် ဒီဇင်ဘာလတွင် ဗြိတိသျှနန်းကို အုပ်စိုးနေသော ဂျော့ဘုရင် အိန္ဒိယပြည်သို့ ခရီးလှည့်လာခဲ့ရာ  သီပေါဘုရင်က ဂျော့ဘုရင်ထံ စာ တစ်စောင်ပို့၍ ''မိမိ၏အဖိုးမဖြတ် နိုင်သော ပတ္တမြားငမောက်ရတနာ ကို ဗြိတိသျှအရာရှိများက မန္တလေး ရတနာပုံနန်းကို သိမ်းမြန်စဉ်က ယူသွားခဲ့သည်။ ယခုအခါ မိမိမှာ လစဉ်ထောက်ပံ့ငွေ ရူပီး ၅ဝဝဝ နှင့် မလောက်မငသုံးစွဲနေရသည်။ ကျွန်ုပ်ဘဝ၏ နောက်ဆုံးအချိန်၌ ငြိမ်သက်အေးဆေးစွာ ခရီး လျှောက်နိုင်ရန် ကူညီဖို့ ပန်ကြားပါ သည်''ဟု ရေးသားခဲ့သော်လည်း ဘာမျှမထူးခြားခဲ့ပေ။
    ၁၉၁၆ ခုနှစ်တွင် သီပေါ ဘုရင်သည် လေဖြတ်ရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားရရှာ သည်။ ထိုအတောအတွင်း ၁၉၁၆ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်နေ့ တွင် ဒုတိယသမီးတော်မှာ ဘုရင့် အမှုထမ်း၊ အရပ်သား ခင်မောင် လတ်ဆိုသူနှင့် ခိုးရာလိုက်ပြေးသွား ၍ ဘုရင်မင်းမြတ်မှာ လေဖြတ် ရောဂါ ဝေဒနာခံစားနေရစဉ် ပို၍ စိတ်ထိခိုက်ကာ ကျန်းမာရေးဆိုး ရွားလာခဲ့သည်။ နောက်ဆုံးတွင် ငွေကြေး ဓန မလောက်မင သုံးစွဲ နေရခြင်း၊ ကြေးငွေပေးဆပ်ရန် ပတ်လည်ဝိုင်းနေခြင်း၊ သမီးတော် များ၏ အိမ်ထောင်ရေး အခြေ အနေအပေါ်တွင် သဘောတော်မ တွေ့ စိတ်ဆင်းရဲရခြင်း၊ နန်းကျ ဘုရင် တစ်ဦးအဖြစ် နိမ့်ကျခဲ့ရ သော ဘဝကြမ္မာ၏ ထုထောင်းနှိပ် စက်မှုဒဏ်ကို ခံရခြင်းဆိုသည့် ဒုက္ခဝေဒနာမျိုးစုံကြောင့်  ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရတနာဂီရိအနိမ့် နန်းဝယ် သီပေါ ဘုရင်မင်းမြတ်သည် သက်တော် ၅၈ နှစ်အရွယ်၌ နတ်ရွာစံတော် မူရှာခဲ့သည်။
    သီပေါဘုရင်၏ ရုပ်အလောင်း နှင့် မိဖုရားငယ်၊ စုဖုရားငယ်တို့၏ ရုပ်အလောင်းနှစ်ခုကို သီပေါဘုရင် နတ်ရွာစံပြီးနောက် သုံးနှစ်နီးပါးအကြာ ၁၉၁၉ခုနှစ်မတ်လ၁၉ရက်နေ့ တွင်မှသာ အလောင်းနှစ် လောင်း တစ်ခုတည်း ပေါင်း၍  မြုပ် နှံသဂြိုဟ်ခဲ့ရသည်မှာ ထူးခြားသော မှတ်တမ်းပင်။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.