25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
စိနတိုင်းနဲ့ ကုန်သွယ်ရေး

နိုင်ငံ့စီးပွားရေးဆိုတာက  ကိုယ့်နိုင်ငံတစ်ခုတည်းမှာပဲ လှုပ်ရှားနေလို့ရတာမဟုတ်ဘဲ နိုင်ငံတကာနဲ့ ပတ် သက်ဆက်ဆံရတဲ့ကိစ္စပါ။ ကိုယ့်နိုင်ငံက ပို့စရာရှိတဲ့ ကုန်တွေကိုပို့၊ တစ်ဖက်နိုင်ငံက သွင်းစရာရှိတဲ့ ကုန်ကိုသွင်း။ သည်လိုနဲ့ သွင်းကုန်ပို့ကုန်ပေါ်မူတည်ပြီး အကျိုးအမြတ်ကိုတွက်ချက်လုပ်ကိုင်ကြရတာပါပဲ။ ဒါပေမယ့် တရားဝင်မဟုတ်တဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေ များလာပြီဆိုရင်တော့ နိုင်ငံတော်အတွက် အခွန်အ ကောက်တွေဆုံးရှုံးပြီး တိုင်းပြည် ဘဏ္ဍာနစ်နာရပါတယ်။ သည်လို ပြဿနာမျိုးအတွက် အဓိက တာဝန်ရှိတာကတော့ ဝန်ထမ်းတွေပါပဲ။ အဂတိလိုက်စားပြီး တရားမဝင်ကုန် သွယ်မှုတွေကို လျစ်လျူရှုမသိဟန် ဆောင်ထားရင်တော့ နိုင်ငံပိုင်တန်ဖိုးရှိတဲ့ ကုန်စည်တွေဟာ အောက်ဈေးနဲ့တခြားနိုင်ငံကို ရောက်ရှိသွားနိုင်သလို တခြားနိုင်ငံက အညံ့စား ကုန်စည်တွေလည်း ကိုယ့်နိုင်ငံဈေး ကွက်ထဲကို ရောက်လာစေပါတယ်။

လတ်တလောမှာတော့ အိမ်နီးချင်းနိုင်ငံများနဲ့ ကုန်သွယ်ရေးကို အဓိကထားရပါမယ်။ မြန်မာနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်မှု အများဆုံးနိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းပဲဖြစ်ပါလိမ့်မယ်။ အဲဒီနိုင်ငံတွေနဲ့ ကုန်စည် ကူးသန်းဆက်ဆံရေးဟာ မြန်မာ့စီးပွားရေးအပေါ် အများဆုံး အကျိုးသက်ရောက်နေတာပဲဖြစ်ပါတယ်။ ဘယ်လိုဆက်ဆံရေးနဲ့ ဘယ်လိုအကျိုးတွေ သက်ရောက်နေသလဲဆိုတာကိုတော့ ပြန်သုံးသပ်ဖို့လိုပါတယ်။ အထူးသဖြင့်တော့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဆက်ဆံရေးကို သုံးသပ်ကြည့် သင့်ပါတယ်။

တရုတ်ဟာ ဈေးချိုတဲ့ကုန်ပစ္စည်းတွေနဲ့ ထိုးဖောက်ဝင်ရောက်ပါတယ်။ အရည်အသွေးပိုင်းကို အလေးမထားပါဘူး။ ပြည်တွင်းဈေးကွက်က မယှဉ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ဆိုတော့ ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် သူ့ပစ္စည်းတွေဟာ ဈေးကွက်မှာ နေရာရလာပါတယ်။ သရေစာလိုလုပ်ငန်းမျိုးမှာတောင် ဈေးပေါပြီးအမြင်လှတဲ့ မုန့်ထုပ်တွေနဲ့ ဝင် ရောက်လာတာပါ။ ဒါကို ပြည်တွင်းလုပ်ငန်းရှင်တွေက ဘာကြောင့်မယှဉ် နိုင်တာလဲ။ တရုတ်က ကုန်ကြမ်းတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေထဲထိ အရင်းအနှီးများများနဲ့ ဆင်းဝယ်တယ်။ သည်လိုနဲ့ ကုန်ကြမ်းတွေ ဈေးတက်လာတော့ ပြည်တွင်းလုပ်ငန်း ရှင်တွေလည်း တက်ဈေးနဲ့ဝယ်ကြရတော့တယ်။ ကုန်ချောကိုကျတော့ တရုတ်က တစ်ထုပ်မှ ငါးဆယ်ကျပ်၊ တစ်ရာကျပ်တန်လေးတွေ ရောင်းနိုင်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေက မရောင်းနိုင်တော့ တရုတ်ကဈေး ကွက်ကို သိမ်းပိုက်သွားတယ်။ အောက်ခြေပင်ရင်းအထိ ဆင်းပြီးဝယ်ယူခွင့်တွေရလိုက်တဲ့အတွက် သရေ စာလုပ်ငန်းကအစ ကျောက်စိမ်းလုပ်ငန်းအထိ ပြည်တွင်းဈေးကွက်တွေပျက်ကုန်ပြီ။ လုပ်ငန်းရှင်တွေ ဘာမှ လုပ်မရတော့တဲ့ အခြေထိဖြစ်ကုန်ကြတယ်ဆိုတာ တွေ့ရပါတယ်။

မန္တလေးမြို့ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တော်တော်ကျယ်ပြန့်လာခဲ့တယ်။ သကြား၊ ပဲ၊ နှမ်းလို ကုန်စည် ဒိုင်တွေကအစ ဘိလပ်မြေစက်ရုံ၊ အရက်ချက် စက်ရုံ၊ ပုလင်းသွင်း လုပ်ငန်းတွေအထိ နေရာယူလာကြတယ်လို့ ဆိုပါတယ်။ မန္တလေးရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ဆယ်ဦးမှာ တရုတ်လူမျိုးက ခုနစ်ဦးလောက်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး ကုန် သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းက ဒုဥက္ကဋ္ဌ က ပြောပါ တယ်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌကလည်း ''တရုတ်ဘက်မှာ တချို့ကိစ္စတွေကို အခွန်နှုန်းထားနဲ့ သူတို့နိုင်ငံရဲ့စီးပွားရေးကို ကာကွယ်ထိန်းချုပ်ထားတာတွေရှိပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အဲဒီလိုကာကွယ်ထားမှုနည်းပါတယ်။ ရှိတော့ရှိတယ်။ သို့သော်လည်း ယိုပေါက်တွေအများကြီးပဲ။ မှောင်ခိုလမ်းကြောင်းကဝင်တဲ့ ကုန် စည်တွေ အများကြီးဆိုတော့ နိုင်ငံတော်ကလည်း အခွန်အတုပ်ရသင့် သလောက်မရဘူး။ စီးပွားရေးကို ထိန်းချုပ်မှုသိပ်မရှိဘူး။ ဟိုဘက်နိုင်ငံတွေမှာကျတော့ ကျွန်တော်တို့ကို အခွန်နှုန်းနဲ့ ကန့်သတ်ထားတာတွေ အများကြီးရှိတယ်။ ဥပမာ-ဆန်ကို တရုတ်ဘက်ကို တင်ပို့တယ်။ ပို့ရင် သူတို့ဘက်က အခွန်ရာခိုင်နှုန်း သုံးဆယ်ကောက်တယ်။ အောက်လမ်းက သွားရင် အခွန်မပေးရဘူး။ အဲဒီမှာ နှစ်ဖက်ကုန်သည်တွေ အခွန်သက်သာတဲ့ လမ်းကြောင်းရွေးကြတဲ့အခါ သူတို့ဘက်က လိုချင်နေတဲ့အချိန်မှာ လွှတ်ထားပေးပြီး မလိုချင်တဲ့အခါ ထိန်းချုပ်ခံရလို့ ကျွန်တော်တို့ဘက်ကနစ်နာပါတယ်။ ဒီလိုဖြစ်စဉ်တွေကို ကုန်သွယ်ရေးကိုလည်း တင်ပြထားပါတယ်''လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃ ရက်ကစပြီး မြန်မာ၊ တရုတ်နယ်စပ်မှာရှိတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်မှာ မြန်မာဘက်ကနေ တရုတ်ဘက်ကို ဆန်တင်ပို့နေတဲ့ ကားတွေကို တရုတ်ဘက်က ဖမ်းဆီးနေကြောင်းလည်း ဆန်ကုန်သည်များက ပြောပါတယ်။ ''လွယ်ဂျယ်မှာ ဆန်ကားတွေကို တရုတ်ဘက်က ဖမ်းနေတယ်။ ဆန်ကားအစီး ၃ဝ၊ ၄ဝ လောက် အဖမ်းခံလိုက်ရတယ်။  အိတ်ရေနဲ့ဆို ၅ဝဝဝ နဲ့ ၁ဝဝဝဝ ကြားတော့ရှိမယ်''လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ ''စပါးဈေး၊ ဆန်ဈေးဟာ တရုတ်နယ်စပ် အရောင်းအဝယ်နဲ့ အများဆုံး အချိုးကျတယ်။ Normal သမားတွေက ပြည်ပ ကို တန်ချိန်ဘယ်လောက်များများ ရောင်းထားပါစေ ရောင်းထားကြသူတွေဟာ လူနည်းစုဆိုတော့ ဈေးကွက်ကို ကစားနိုင်ကြတယ်။ အားလုံးခြုံကြည့်မယ်ဆိုရင် မြန်မာ့ဆန်စပါး ဈေးကွက်ကောင်းမွန်စေဖို့ တရုတ် Border ကို အများဆုံး အားကိုးနေရတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါ ဘူး''လို့လည်း ကုန်သည်တစ်ယောက် က ပြောပါတယ်။

သင့်တင့်တဲ့ အခွန်နှုန်းထားနဲ့ တရားဝင်အရောင်းအဝယ်ဖြစ်စေဖို့ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့လိုပါတယ်။ ဒီဇင်ဘာ ၂၆ ရက်က ယူနန်ပြည်နယ် ရွှေလီမြို့မှာကျင်းပတဲ့ တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား မှာတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဆန်ကိစ္စဆွေးနွေးခဲ့ခြင်းရှိမရှိတော့ မသိရပါဘူး။

တံတားဦးမြို့ခံတစ်ဦးကတော့ ''တရုတ်ဘက်က မန္တလေးကနေတစ်ဆင့် စစ်ကိုင်းကျောက်ဆည်၊ တံတားဦးစတဲ့နေရာတွေမှာ ကျယ်ဝန်းတဲ့မြေနေရာတွေကို ဈေးသက်သက်သာသာနဲ့ ငှားရမ်းပြီး သီးနှံစိုက် ပျိုးတာမျိုး၊ အလုပ်ရုံလာဆောက်တာမျိုးတွေလုပ်တယ်။ ပြီးတော့ ဒေသခံတွေဆီကနေ ကာယလုပ်အားကို ဈေး သက်သက်သာသာနဲ့ ရယူတယ်။ ရလာတဲ့ထွက်ကုန်ကိုတော့ တရုတ်ဘက်ကို ပြန်သွင်းတယ်။ ပြည်တွင်း ဈေးကွက်မှာ ဘယ်တော့မှ မရောင်းဘူး။ သူတို့လာစိုက်တဲ့ ဖရဲတို့သခွားမွှေးတို့ဆို ကုန်တင်ကားကြီးတွေနဲ့ မူဆယ်ဘက်ကို အမြဲလိုလိုသွားနေတာ။ ကိုယ့်ဆီက ကုန်ကြမ်း၊ ကိုယ့် ဆီက လုပ်အားနဲ့ ထုတ်ယူခဲ့တာ။ နောက်ပြီး သီးနှံစိုက်ပျိုးမှုဆိုတာကလည်း ကိုယ့်မြေဆီမြေနှစ်လည်းဆုံး လုပ်အားကလည်း ဒီကပဲဆိုတော့ ဒါတွေဟာ မဖြစ်သင့်တော့ဘူး ထိန်း ချုပ်သင့်ပြီ''လို့ ပြောသွားခဲ့ပါ   တယ်။

အခုဆိုရင် တရုတ်နိုင်ငံက ပုဆိုးတွေတောင် ပြည်တွင်းဈေးကွက်ကို ဈေးသက်သက်သာသာနဲ့ ဝင်လာကြလို့ ဝမ်းတွင်းမြို့နယ်က ရက်ကန်းလုပ်ငန်းရှင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ကုန်ကြမ်းရှိတယ်။ လုပ်အားခသက်သာတယ်လို့ဆိုပြီး သူများဆီကလို ဘာကြောင့်သက်သာတဲ့နှုန်းထားနဲ့ မရောင်းချနိုင် တာလဲဆိုတာကလည်း စိတ်ဝင်စား စရာကောင်းတဲ့ အချက်တစ်ချက်ပါ။ ပြည်သူလူထုကတော့ ဝင်ငွေနဲ့ထွက်ငွေကို ချိန်ဆသုံးစွဲနေကြရတာမို့ သက်သာမှုကိုပဲ  ဦးစားပေးရွေးချယ်မှာပါပဲ။

အမျိုးသားရေးစိတ်ဓာတ်နဲ့ ပြည်တွင်းထွက်ကိုပဲအားပေးချင်ပေမယ့် အခြေအနေနဲ့ အချိန်အခါအရ သက် သာရာသက်သာကြောင်းကို ဦးစားပေးကြရတော့ ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းဟာ ဈေးကွက်မှာ နေရာရမှာပါပဲ။ ပြည်တွင်းလုပ်ငန်းရှင်များ စဉ်းစားကြဖို့ပါ။ ဘဏ်များရဲ့ ချေးငွေ တွေလည်းလိုအပ်ပါတယ်လို့ဆိုပါတယ်။ သည်မှာက ချေးငွေအပေါ် အတိုးနှုန်းမြင့်ခြင်း၊ အလွယ်တကူ ချေးယူလို့မရခြင်း၊ အပေါင်ပစ္စည်း ထားရခြင်း၊ အပေါင်ပစ္စည်းအပေါ် တန်ဖိုးရဲ့ ထက်ဝက်လောက်သာချေး ငွေရခြင်းစတဲ့ အခက်အခဲတွေဟာ တခြားနိုင်ငံတွေနဲ့ မယှဉ်သာတဲ့ အချက်လို့ ဆိုကြပါတယ်။ တစ်ခါ နိုင်ငံခြားသားတွေလုပ်ငန်းလာလုပ်တဲ့အခါ ဒေါ်လာပါလာပြီး ဒီဒေါ်လာဖြူသလား၊ မည်းသလားမမေးဘူး။ အားလုံးအခွင့်အရေး ရသွားတယ်။ ကျွန်တော်တို့ မြန်မာပြည်ကလူတွေ ရင်းနှီးမြှုပ်နှံရင် ဒီပိုက်ဆံဖြူသလားမည်းသလား အရင်စမေးပြီး သွားလို့ကိုမရတော့ဘူးလို့ လုပ်ငန်းရှင်းတစ်ယောက်က ပြော သွားတာလည်း အင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရပါတယ်။

သေချာတာကတော့ ကုန်သွယ်ရေးမှာ တစ်ပန်းသာချင်ရင် အကုန်ပြန်ပြင်သင့်တာပြင် ကြရမယ်ဆိုတာပါပဲ။ အစိုးရတစ်ဖွဲ့တည်းနဲ့တော့ မရဘူးလေ။

 

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.