25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ဧည့်လာစေချင် အိမ်သာအောင်လုပ်

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ နဲ့ချည်းပဲတော့မရဘူး။ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေလည်း လိုအပ်တယ်ဆိုတာလောက်ကတော့ လူတိုင်းသိတဲ့ အချက်ပါ။

ဒါဖြင့် လက်ရှိအခြေအနေမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အခြေအနေဘယ်လိုရှိသလဲဆိုတာကို ကြည့် လိုက်ရင်တော့ နိုင်ငံရဲ့ စီးပွားရေး အတက်အကျကို အကြမ်းဖျင်း ခန့်မှန်းလို့ ရနိုင်ပါပြီ။

Japan Bank For International Cooperation (JBIC) ရဲ့ ၂ဝ၁၇ ခုနှစ်အတွက် စစ်တမ်းကောက်ယူမှု အစီရင်ခံစာမှာတော့ ဂျပန်ကုန်ထုတ် လုပ်ငန်းများရဲ့ ပြည်ပမှာ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံများစာရင်းမှာ မြန်မာ နိုင်ငံဟာ အဆင့် (၉) မှာရှိတယ်လို့ ဆိုပါတယ်တဲ့။ ဒါပေမယ့်လည်း စိတ်ဝင်စားတဲ့ ကုမ္ပဏီအရေအတွက်ကတော့ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ JBIC က ဂျပန်ကုန်ထုတ်လုပ်မှုကုမ္ပဏီ ၄၄၄ ခုကို စာရင်းကောက်ယူခဲ့တဲ့အခါ ကုမ္ပဏီ ၄ဝ က မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုတယ်လို့ ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။ သို့သော်လည်း မနှစ်ကတော့  ရင်းနှီးမြှုပ်နှံလိုတဲ့ ကုမ္ပဏီ ၄၉ ရှိခဲ့တာမို့ စိတ်ဝင်စားမှု လျော့ကျသွားတယ်လို့ ဆိုရတာပါ။ ရာခိုင်နှုန်းအ နေနဲ့ကြည့်ရင်တော့ စစ်တမ်းမှာပါဝင်တဲ့ ကုမ္ပဏီအရေအတွက်ရဲ့ ကိုးရာခိုင်နှုန်းသာ မြန်မာနိုင်ငံမှာ ရင်း နှီးမြှုပ်နှံလိုတယ်ဆိုတာတွေ့ရပါတယ်။

စစ်တမ်းမှာပါဝင်တဲ့ ကုမ္ပဏီတွေကတော့ မော်တော်ကားထုတ် လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်နဲ့ ဆိုင်ရာလုပ်ငန်း၊ ဓာတုပစ္စည်းလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ အစားအစာလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ သစ်ဝါးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းစသဖြင့်  အမျိုးအစားစုံလင်လှပါတယ်။

ဒါပေမယ့် အာဆီယံ စီးပွားရေး လုပ်ငန်းတွေကတော့ မြန်မာနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေကြတယ်လို့ ဆိုပါတယ်။ ဘန်ကောက်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ TTCL က ဘဏ္ဍာရေးအရာရှိချုပ် ဂိုဘချိုင်တာ နာဆူဂန်က ''မြန်မာနိုင်ငံမှာ ပြည် တွင်းပြဿနာတွေရှိကြောင်း ကျွန်ုပ် တို့ သတိပြုမိပါတယ်။ အဲသလို ရှိနေ ပေမယ့် ထိုင်းနိုင်ငံက အဖွဲ့အစည်းတချို့နဲ့ ပို့ကုန်ချေးငွေ အေဂျင်စီတချို့က ဘဏ္ဍာရေးအရ ထောက်ပံ့မှုပေးဖို့ စိတ်ဝင်စားကြပါတယ်''လို့  အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ဘင်္ဂါလီ အကျပ်အတည်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေနဲ့ ရင်းနှီးမြှုပ်နှံသူ သဘောထားကို ထိ ခိုက်စေနိုင်ပေမယ့် တိုက်ရိုက်စီးပွားရေး ထိခိုက်မှုဟာ အဓိကအားဖြင့် နေရာကွက်၍သာဖြစ်နိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နိုဝင်ဘာ  ၁၇ က ပြောကြား ခဲ့ပါတယ်။ IMF က ၂ဝ၁၇-၂ဝ၁၈ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ၆ ဒသမ ၇ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဘင်္ဂါလီ အကျပ်အတည်းဖြစ်ချိန်မှာပဲ ထိုင်းအရက်ချက် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံက ထိပ်တန်းဝီစကီ Grand Royalရဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖိလစ်ပိုင်က Basic Energy Corp ဟာ မြန်မာနိုင်ငံမှာ ဆိုလာပါဝင်ထုတ်လုပ်ရေးကဏ္ဍမှာ  ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေသလို ဂျပန်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံတွင်းကို ဆက်လက်ဝင်ရောက် နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာတော့ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်ကနေ ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာနှစ် အောက်တိုဘာကုန်ထိမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ  သန်းပေါင်း ၃ဝဝဝ ကျော်ရရှိထားပြီး အဲဒီထဲက တစ်ဝက်ကျော်ပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆ဝဝ ကျော်ဟာ အစိုးရသစ်လက်ထက်မှာ ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၂၄ ကျော်ရရှိထားပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အောက်တိုဘာထိ အမေရိကန်ဒေါ်လာသန်းပေါင်း ၉၆ဝ ကျော် ရရှိထားတယ်လို့ သိရပါ တယ်။

''ပိုများလာတာက ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့ နည်းဥပဒေထွက်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သိသိသာသာများလာခဲ့တယ်။ ပြီးခဲ့ တဲ့နှစ်က ဥပဒေထွက်ပြီးချိန်ထိ စောင့်ကြည့်နေဆဲ အနေအထားမျိုးရှိ မှာရှိခဲ့တယ်။ ဒီနှစ်ထဲမှာ နည်းဥပဒေ ထွက်တဲ့နောက်မှ ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာတာဖြစ်တယ်။ ဒီနှစ်ဆိုရင်  နှစ်မကုန်သေးဘူး။ ပြီးခဲ့တဲ့နှစ်ကထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပိုရ နေပြီဖြစ်တယ်''လို့ ရင်းနှီးမြှုပ်နှံမှုနဲ့  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိုက်ထွန်းက ပြောပတယ်။ ''နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏကခုဆို ရင် အရင်ကနှစ်အလိုက် လျာထားချက်ပမာဏကို ကျော်လွန်နေပြီ။ လာမယ့်နှစ်တွေမှာလည်း  ခုလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးလာနိုင်မယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နိုင်ငံတွေမှာတော့ တရုတ်ကတော့ ထိပ်ဆုံးက လုပ်ငန်းအမျိုးအစားမှာတော့ စက်မှုလုပ်ငန်းကို အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတာ''လို့လည်း ပြောခဲ့ပါ တယ်။

တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ နယ်သာလန်စတဲ့ နိုင်ငံတွေကနေ သတ္တုတူးဖော်ရေး စက်မှုလုပ်ငန်း၊ ဟိုတယ်ခရီးသွားလာရေး၊ စက်မှုဇုန် တည်ဆောက်ရေး၊ အိမ်ရာ၊ အဆောက်အအုံ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး လယ်ယာ၊ မွေးမြူရေး၊  လျှပ်စစ်လုပ်ငန်းများ အပါအဝင် လုပ်ငန်း ၁၈ မျိုးကို လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

၁၉၈၈-၁၉၈၉ ကနေ ၂ဝ၁၇-၂ဝ၁၈ အောက်တိုဘာထိ တရုတ် နိုင်ငံက အမေရိကန်ဒေါ်လာသန်းပေါင်း ၁ဝဝဝ ကျော်နဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့သုံးပုံတစ်ပုံကို ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာသန်းပေါင်း ၉၉ဝ ကျော်နဲ့ ဒုတိယ၊ ဟောင်ကောင်က အမေရိကန်ဒေါ်လာသန်းပေါင်း ၃၉ဝ ကျော်နဲ့ တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြတယ်လို့သိရပါတယ်။

ဂျပန်ကုန်ထုတ်လုပ်ငန်းများကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ် ဈေးကွက်အပေါ် မျှော်မှန်းချက်နဲ့ လုပ်အားခ သက်သာမှု နှုန်းထားအပေါ် အားသာချက်အဖြစ် ရှုမြင်ထားကြပေမယ့် တတိယနိုင်ငံများကို ပို့ကုန်ပြန် လည်တင်ပို့နိုင်မှု၊ လက်ရှိဈေးကွက်ပမာဏနဲ့ လုပ်ငန်းနဲ့လျော်ညီတဲ့ လူသားအရင်းအမြစ် ရရှိမှုများမှာ အား နည်းနေဆဲဖြစ်တယ်လို့ ယူဆထား ကြပါတယ်။ အဲဒီအပြင် စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေး နိုင်မယ့် အခြေခံ အဆောက်အအုံ ပိုင်းအားနည်းမှု၊ စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေ၊ ဥပဒေပိုင်းဆိုင်ရာ ရှင်းလင်းလွယ်ကူမှု၊ စီမံခန့်ခွဲမှု အဆင့်ဝန်ထမ်းရှားပါးမှု၊ လူမှုဘဝလုံခြုံစိတ်ချရမှုတွေ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။

လျှပ်စစ်ဓာတ်အားဟာလည်း စီးပွားရေး လုပ်ငန်းကြီးတွေအတွက် အဓိကကျတဲ့ ပြဿနာတစ်ခုပါ။

စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်း (Ease of Doing Business Index) မှာ လျှပ်စစ်အညွှန်းကိန်းလည်း ပါပါတယ်။ လျှပ်စစ်ညွှန်းကိန်းဟာ မနှစ်က အဆင့် ၁၄၉ ရှိခဲ့ပေမယ့်သည်နှစ်မှာ အဆင့် ၁၅၁ ကို ကျဆင်းသွားတယ်လို့ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူတစ်ဦးကတော့ ''အခု တိုင်းတာတဲ့ အညွှန်းကိန်းတွေက ရန်ကုန်တိုင်းဒေသကြီး ဧရိယာကို အဓိကထားပြီး တိုင်းထားတဲ့ အညွန်း ကိန်းဖြစ်တယ်။ ရန်ကုန်တိုင်းကိုလည်းပဲ အဓိက အားစိုက်ပြီးတော့ ဓာတ်အားပြတ်တောက်မှုတစ်ကြိမ်မှ မပျက်အောင် ကြိုးစားနေတယ်။ အရင်တုန်းကထက်တော့ လျော့သွား ပြီး ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့  မြို့နယ်အသီးသီးမှာ လျှပ်စစ်ဓာတ် အားပြတ်တောက်မှု မဖြစ်စေရေးဆို ပြီးတော့အဲဒီအချက်ကိုသွားပြီးတော့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အား Power Outage အရေအတွက် လျော့နည်းသွားပြီဆိုရင် ကျွန်တော်တို့ အမှတ်က တိုးတက်သွားမှာဖြစ်ပါတယ်''လို့ ပြောကြားသွားပါတယ်။

ဘာပဲဖြစ်ဖြစ် 'အိမ်သာမှ ဧည့်လာ'ဆိုတဲ့ စကားကို မေ့ထားလို့မရပါဘူး။ အလားတူ ဧည့်လာရင်လည်း အိမ်သာဖို့လိုပါတယ်။ အိမ်မနာဘဲ အိမ်သာစေမယ့် ဧည့်သည်တွေလာဖို့  အိမ်သာမှဧည့်လာဆိုတဲ့ စကားအတိုင်း ကျင့်သုံးကြရမှာပါပဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလိုချင်ရင် သူတို့ဘာလိုအပ်လဲဆိုတာ သိအောင်လုပ်ပြီး ရအောင်ဖြည့်ဆည်းရပါလိမ့်မယ်။

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.