14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ရက်ကန်းစက်များ အငြိမ်းစားရဖို့ တရုတ်ပုဆိုးများ ၀င်လာကြတာလား

တရုတ်နိုင်ငံမှာ ရက်လုပ်ပြီး မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် ချည်ထည်ပုဆိုးများ ဝင်ရောက်နေသည်ဟုသိရသည်။ ချည်ထည်ပုဆိုးတစ်ကွင်းမှ ကျပ် ၂၆ဝဝ သာကျသင့်နေ သည်ဟုလည်းဆိုသည်။ နိုဝင်ဘာ ၂၃ ရက်က တရုတ်နိုင်ငံမှ မန္တလေး မြို့သို့ တင်သွင်းလာသော ကုန် ပစ္စည်းမျိုးစုံ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးကို စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံတွင် ရက်လုပ်ထားသော ချည်ထည်ပုဆိုးများကို အခြားပစ္စည်းများထဲ ရောညှပ်ပြီးတင်သွင်းခဲ့သည်ကိုတွေ့ခဲ့ရကြောင်း ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

''တရုတ်ပုဆိုးတွေ ပြည်တွင်းကိုဝင်လာတာပါ။ လက်လီဈေး တစ် ကွင်းကို ကျပ် ၂၆ဝဝ နဲ့ ဖြန့်မယ်လို့ပြောပါတယ်။ ကျွန်တော်တို့ ကားနဲ့ ပါလာတာက ကွင်းပေါင်း ၁ဝဝဝဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့ သိတာက ကိုယ့်ဆီကဝါကို တရုတ်ကိုပို့တယ်။ တရုတ်ဆီက ချည်ကိုပြန်ဝယ်ပြီး ဒီမှာပုဆိုးရက်လုပ်ဖြန့်ဖြူးကြတယ်လို့ပဲ သိထားတာပါ။ အခုကျတော့ တရုတ်က နောက်ဆုံးကုန်ချော ထုတ်ကုန်အဆင့်အထိ ထုတ်လုပ်ပြီး ဈေးကွက်ထဲဝင်လာတဲ့ သဘောပဲ'' ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ရှင်ဦးကျော်လွှမ်းမိုးကပြောသည်ဟု သတင်းကဖော်ပြထားသည်။

ကြားရသည့် သတင်းကတော့ အထက်မြန်မာပြည်ရက်ကန်းလုပ်ငန်း ရှင်များအတွက် သတင်းဆိုးဖြစ်နေသည်။  ယခင်ကလည်း တရုတ်ပြည်က ရက်လုပ်ပြီး အခြားပုဆိုးများ ပြောက်ကျားပြောက်ကျား ဝင်ရောက် ခဲ့သည်ဟူသော သတင်းများ ကြားသိရသည်။ ယခု တစ်ကျော့ပြန် ကြားလာပြန်သည်။ တရုတ်ချည်ထည် ပုဆိုးများသည် မြန်မာ့ပုဆိုးဈေးကွက်ကို လာရောက်ထိပါးခြင်းဖြစ် မည်။ ဈေးကွက် ထိုးဖောက်စမ်းသပ် ခြင်းဟုလည်းခန့်မှန်းမိသည်။ ၂ဝ၁၅ ခုနှစ်ဆီတုန်းက မြန်မာ့ပြည်တွင်း အထည်ဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံတွင် ရက်လုပ်သော ချည်ထည်၊ ပိုးထည်၊ ပိုးတွဲထည် ပုဆိုးများ ဝင် ရောက်လာခဲ့ဖူးသေးသည်ဟု အမရပူရအထည်လုပ်ငန်းရှင်များက ပြောကြားကြောင်း သတင်းတွင် ဖော်ပြထားသည်။ ယခုတရုတ်က ဝင်လာသည့် ချည်ထည်ပုဆိုးတစ်ထည် ကျပ် ၂၆ဝဝ ဖြင့် လက်လီဖြန့်မည်ဆိုသောအခါ  ပြည်တွင်းက အထည်လုပ်ငန်းရှင်များ သူ့လိုဈေးနှုန်းဖြင့် လိုက်ရောင်းနိုင်ပါမည်လား။ အခက်အခဲ များကတော့များစွာရှိသည်ဟု ပြော နေကြသည်။

တရုတ် ချည်ထည်ပုဆိုးများ ဈေးချိုချိုဖြင့် ဝင်ရောက်လာခြင်းသည် ပြည်တွင်းအထည်ဈေးကွက်ကို ထိခိုက်စရာ အကြောင်းရှိသည်ဟု ပူပန်ရမည်ဖြစ်သလို၊ ပြည်တွင်းရက်ကန်းလုပ်ငန်းများကိုလည်း ဂယက်ရိုက်စေဦးမည်လား စိုးရိမ်ပူပန်ရပါဦး မည်။

လက်ရှိကာလသည် နိုင်ငံတော်အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်အသေးစားများကို အားပေး တိုက်တွန်းနှိုးဆော်နေသော ကာလဖြစ်သည်။ အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ချေးငွေထောက်ပံ့ပေးနိုင်ရေးရှိသမျှ အစွမ်း အားဖြင့်လည်း စောင်မကြည့်ရှုနေသော အချိန်ကာလဖြစ်သည်။ သို့သော် အခက်အခဲများကတော့  များစွာရှိနေသည်။ ဖြေရှင်းရမည့် ပြဿနာများလည်း အတားအဆီး သဖွယ်ဖြစ်နေသည်ဟုသိရသည်။                   ယခုပြည်တွင်းရက်ကန်း လုပ် ငန်းများသည် နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်စေချင်နေသော အသေးစား၊  အလတ်စား စက်မှုလက်မှုလုပ်ငန်း များထဲတွင် ပါဝင်နေသည်။ အမရပူရမြို့ အထည်လုပ်ငန်းရှင်တစ်ဦးကတော့ ယခုလို ညည်းညူထားသည်ကို ကြားသိလိုက်ရသည်။

''ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးဖို့ဆိုရင်တော့ ဒါမျိုးတွေ (တရုတ်ချည်ထည်ပုဆိုး) ဝင်လာတာကို အခွန်တိတိကျကျ ကောက်တာမျိုး၊ လမ်းမှာ သေသေချာချာ စစ်ဆေးတာမျိုး လုပ်သင့်ပါတယ်။ ကျွန်တော်တို့ ရက်ကန်းလုပ် ငန်းရှင်ဆိုတာ ရှိသမျှ အခွန်ဆောင်ရတဲ့အပြင် ဘဏ်ချေးငွေ၊ SMEs  ချေးငွေရဖို့ဆိုတာ တော်တော့်ကို မလွယ်တာပါ။ အဲဒီလို အခြေအနေ မှာ တရုတ်လုပ်ငန်းရှင်တွေ တကယ် ဝင်လာပြီဆိုရင် သူတို့နဲ့ ပြိုင်ဖို့ မလွယ်ပါဘူး။ အခုကိစ္စက ဈေးကွက်အနေနဲ့ စနည်းနာကြည့်တဲ့ သဘောအနေနဲ့ ပုဆိုးတွေတင်သွင်းလာတာ လို့ မြင်မိပါတယ်''ဟု ပြောထားသည်။

ဈေးကွက် ရှာဖွေရေးနှင့် ပတ်သက်လျှင် တရုတ်တို့၏ညာဉ်ကို မည်သူမျှ လိုက်မမီပါဟု ပြောချင်သည်။ တရုတ်တို့သည် စီးပွားရေး မျက်စိအမြင်ကြည်ကြည်လင်လင်ရှိသည်။ လျင်လည်းလျင်သည်။ အရာရာကို စီးပွားရေးမျက်စိဖြင့် ကြည့်ကာ တွက်တတ်ချက်တတ်သည်။ ပေါင်းသင်းဆက်ဆံရေး အရာတွင်လည်း စီးပွားတွက်တွက်ကာ ပေါင်းတတ် သင်းတတ်သည်။ စီးပွားရေး အကျိုး အမြတ် ဖြစ်ထွန်းမည်ဆိုလျှင် ငွေကို ရေလိုလောင်းတတ်သည်။ ယင်းသည် ရင်းနှီးမြှုပ်နှံမှု တစ်မျိုးပင်ဖြစ်သည် ဟုလည်း ပြောတတ်ကြသည်။ ထို့ကြောင့်လည်း တရုတ်နိုင်ငံ ကြီးပွားချမ်းသာနေပြီး သြဇာအရှိန်အဝါကြီး နေခြင်းဖြစ်သည်။

စီးပွားရေး မျက်စိဖြင့်ကြည့်တတ်၊ လုပ်တတ်ကိုင်တတ်ခြင်းသည် တရုတ်လူမျိုးတိုင်းကို မဆိုလိုပါ။ တရုတ်ပြည်မကြီးတွင် မွေးဖွားကြီး ပြင်းပြီး မြန်မာပြည်ကို မျက်စိကျနေသော စီးပွားရေးသမားများကိုသာ ဆိုလိုပါသည်။ သူတို့သည် မြန်မာ ပြည်အား ဘာသွားရောင်းရမည်နည်း၊ ဘာပစ္စည်းတင်ပို့ရမည်နည်း၊ ဘယ်ဈေးကွက်ကို ဘယ်လိုနည်းဖြင့် ချုပ်လိုက်လျှင် အမြတ်အစွန်း ဘယ်လောက်ကျန်မည်နည်း စသည်ဖြင့် အမြဲတွေးနေ၊ ကြံဆနေကြသူများဖြစ်သည်။

ထို့ကြောင့်လည်း ကချင်ပြည် နယ်တွင် တစ်နေ့တခြား တစ်ရှူး ငှက်ပျောစိုက်ခင်းများ၊ ဖရဲစိုက်ခင်းများက ဧရိယာမြောက်မြားစွာ ကျယ် ပြန့်လာနေခြင်းဖြစ်သည်။

ထို့ပြင် အခြားစားသောက် ကုန်ပစ္စည်းများလည်း ဈေးပေါပေါဖြင့်ထုတ်လုပ်ပြီး တရားဝင်ရော တရားမဝင်ပါ တင်ပို့ ရောင်းချနေကြခြင်းဖြစ်သည်။ လျှပ်စစ်ပစ္စည်းများဆိုလျှင်လည်း မြန်မာတစ်နိုင်ငံလုံး တရုတ်နိုင်ငံထုတ် ဈေးနှုန်းချိုသာသည့် လျှပ်စစ်ပစ္စည်းများချည်း အားထားသုံးစွဲနေ ရသည့် အဖြစ်သို့ ဆိုက်ရောက်သွားသည်။

တရုတ်နိုင်ငံ လုပ်ငန်းရှင်များသည် မြန်မာစားသုံးသူများ၏ လိုအပ်ချက်ကို အမြဲစောင့်ကြည့် လေ့လာနေကြသည်။ မြန်မာဈေးကွက်တွင် ဘာလိုအပ်နေသလဲ၊ ဈေးနှုန်းမည်မျှဖြင့် ဖြန့်ဖြူးရောင်းချလျှင် မြန်မာစားသုံးသူများ လက်လှမ်းမီနိုင်မလဲဆိုသည်ကိုလည်း ဈေးကွက် လေ့လာမှု အမြဲရှိ သည်။ ထို့ကြောင့် မြန်မာစားသုံးသူတို့ လိုအပ်လာပြီဆိုလျှင် သူတို့က ဈေးကွက်လက်ဦးမှု ရယူနိုင်ခြင်းဖြစ်သည်။

မြန်မာပြည်တွင်းဈေးကွက်ကို ဖဲ့ယူနိုင်ရေး၊ လွှမ်းမိုး နိုင်ရေးအတွက်လည်း လိုအပ်သလောက် အရေအတွက်နှင့် ပမာဏများများ ထုတ်လုပ်နိုင်ရေးအတွက်လည်း သူတို့တွင် အင်အားရှိသည်။ ရင်းနှီးမြှုပ်နှံနိုင်မှု အားကောင်းကြသည်။ သူတို့ အစိုးရကလည်း လိုအပ်သမျှကို ပံ့ပိုးကူညီပေးနိုင်သည်။

သူတို့ မြန်မာပြည်တွင်းသို့ တင်ပို့ရောင်းချနေသော ထုတ်ကုန်များသည် တကယ်တော့  သူတို့အတွက် အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်အဆင့်သာရှိပါသေးသည်။ တရုတ်နိုင်ငံ၏ ခေတ်မီအဆင့်မြင့်နည်းပညာများ အသုံးပြုပြီး ထုတ်လုပ်ထားသော အကြီးစား တန်ဖိုးမြင့်ထုတ်ကုန်များသည် မြန်မာဈေးကွက်အတွက်မဟုတ်ဘဲ ဥရောပနှင့် အနောက်နိုင်ငံ များအတွက်သာဖြစ်သည်။ ယင်းကိုလည်း မြန်မာစားသုံးသူများ သိပြီးဖြစ်သည်။

တရုတ်ချည်ထည်ပုဆိုးများ အလုံးအရင်း ဝင်လာခြင်းနှင့် ပတ်သက်၍ပြောရလျှင် တရုတ်တို့၏ ဈေးကွက် အမြင်ရှိခြင်းသည် ချည်ထည် ပုဆိုးများမှမဟုတ်၊ မြန်မာတို့ စွဲစွဲမက်မက် သုံးစွဲနေဆဲဖြစ်သော မြေပဲဆီကိုလည်း တရုတ်နိုင်ငံတွင် ကြိတ်ခွဲထုတ်လုပ်၊ ဘူးသွပ်ထုပ်ပိုးပြီး ပြည်တွင်းသို့ ဈေးချိုချိုဖြင့် တင်ပို့ခဲ့ခြင်းများလည်း ရှိခဲ့ပါသေးသည်။ မြေပဲဆီစစ်၊ မစစ်ကိုတော့ ဈေးနှုန်းကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထိုစဉ်တုန်းကလည်း မြေပဲဆီစစ်စစ် ထုတ်လုပ်နေသော ပြည်တွင်းဆီလုပ်ငန်းရှင်များ အစိုးရကို အသိပေးအကြောင်းကြား အော်သံဟစ်သံများ ကြားလိုက်ရပါသေးသည်။ ပြောချင်သည်ကတော့ စီးပွားရေးသမားဟူသည် စီးပွားရေးမျက်စိ ဖြင့်သာ ကြည့်ပါမည်။

စီးပွားရေး အကွက်အကွင်းကျမည်ဆိုလျှင်၊ စီးပွားရေး အကျိုးအမြတ်ဖြစ်ထွန်း မည်ဆိုလျှင် တရားခြင်း၊ မတရားခြင်းကို  ခဏဘေးချိတ်ထားပြီး မတရားတာကို တရား အောင် လုပ်ယူမည်။ ဥပဒေဘောင်ကျော်နေလျှင် ဥပဒေဘောင်ကျယ်လာအောင် ဆွဲဆန့်မည်။ ယင်းတို့အတွက် ကုန်ကျစရိတ်များသည် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သည်။  သို့ဖြစ်ရာ တရုတ်လုပ်ငန်းရှင်အချို့သည် မြန်မာနိုင်ငံအား ထိုသဘောတရားများဖြင့် စီးပွားရေးနယ်ချဲ့နေသည်။ စီးပွားရေး နယ်ချဲ့နေကြောင်းကိုလည်း မြန်မာအာဏာ ပိုင်တို့ အချို့သိနေကြသည်။

အဓိကကတော့  သူတို့စီးပွားရေးနယ်ချဲ့ခြင်းသည် စီးပွားလာရှာသည်မှာ မှန်ပေသည့် မြန်မာလုပ်ငန်းရှင်များနှင့် အသေးစား အလတ်စားစက်မှုလက်မှု လုပ်ငန်းရှင်များ ထိခိုက်နစ်နာပျက်သုဉ်း မသွားဖို့တော့လိုပါသည်။ ထို့ကြောင့် သက်ဆိုင်ရာတို့က ယင်းကိစ္စကို အလေးအနက်ထားကာ တားသင့်တာတား၊ ဟန့်သင့်တာ ဟန့်ရပါတော့မည်ဟု သဘောရပါကြောင်းရေးသားတင် ပြလိုက်ရပါသည်။

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.