16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
အိန္ဒိယက ပဲတင်သွင်းမှု လျှော့ချလိုက်ခြင်းက မြန်မာ့ပဲစိုက်တောင်သူများဘ၀ ထိခိုက်နစ်နာမှုဖြစ်သွားစေမည်လား

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုကို ရုတ်တရက် ကန့်သတ်ထိန်းချုပ်လိုက်သည်။ မြန်မာနိုင်ငံသို့ အိန္ဒိယသို့ နှစ်စဉ်ပဲမျိုးစုံ တင်ပို့ရာတွင် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းဟူသည့် ပဲသုံးမျိုးကို အဓိက အားထားတင်ပို့ခဲ့သည်။ သြဂုတ် ၅ ရက်တွင် အိန္ဒိယအစိုးရသည် မြန်မာ့ပဲစင်းငုံတန်ချိန် နှစ်သိန်းသာ တင်သွင်းခွင့်ပြုမည်ဟု ကန့်သတ်ခဲ့သည်။ ထို့နောက် သြဂုတ် ၂၁ ရက်တွင် မတ်ပဲနှင့် ပဲတီစိမ်းကိုလည်း တန်ချိန်သုံးသိန်းသာ တင်သွင်းခွင့်ပြုမည်ဟု ထပ်မံကြေညာခဲ့သည်။ ယင်းသို့ အိန္ဒိယအစိုးရက ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ ပြုလုပ် လိုက်သောအခါ မြန်မာ့ပဲလောက ဂယက်ထသွားသည်။ ပဲရောင်းဝယ်ရေးများ ကသုတ်ကရက် ဗရုတ်ဗရက် ဖြစ်သွားသည်။ မြန်မာပဲဈေးကွက် တွင်လည်း ဈေးနှုန်းများ သိန်းချီကာ ထိုးကျသွားသည်။

အိန္ဒိယနိုင်ငံကတော့ မြန်မာ့ပဲတင်သွင်းမှုကို လျှော့ချကန့်သတ် လိုက်ရခြင်းမှာ သူတို့ ပြည်တွင်း၌ရှိသော ကျဆင်းနေသည့် အိန္ဒိယပဲဈေးနှုန်းများကို ပြန်လည်မြင့်တက် လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံအတွင်း ပဲမျိုးစုံ ဈေးနှုန်းများ ကျဆင်းနေမှုကြောင့် အနိမ့်ဆုံးဈေးနှုန်း MSP သို့ ပြန်ရောက်ရန် ပြည်ပမှ ပဲတင်သွင်းခြင်းကို လျှော့ချပိတ်ပင်ရခြင်းဖြစ်သည်ဟု အကြောင်းပြန်သည်။

ယင်းအဖြစ်အပျက်သည် အိန္ဒိယတွင် ကမ်းပါးပြို၍ မြန်မာနွားမပေါင်ကျိုးသွားရခြင်း ကိန်းဆိုက်သွား၏။ မြန်မာ့ပဲဈေးကွက်တွင် ဈေးနှုန်းများ ထိုးကျသွားပြီး၊ အရောင်း အဝယ်ကိစ္စ အေးခဲသွားသောအခါ  ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်၌ သြဂုတ် ၂၂ ရက်က မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အရေးပေါ် အစည်းအဝေး ပြုလုပ်ရတော့သည်။ အစည်းအဝေးတွင် ပဲရောင်းဝယ်မှုများကို ယာယီရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ အိန္ဒိယက မြန်မာ့ပဲတင်ပို့မှုကို ကိုင်လှုပ်ထိန်းချုပ်လိုက်သောအခါ မြန်မာ့ပဲဈေးကွက် ဟန်ချက်ပျက်ပြီး အောက်ခြေပဲစိုက် တောင်သူများအထိ ဂယက်ထသွားပါတော့သည်။ အိန္ဒိယသို့ ပဲတင်ပို့နေသည့် ကုန်သည်တစ်ဦးကတော့ ယခုလိုပြောဆိုသည်။

''သူတို့ဆီမှာ ပဲဈေးတွေကျနေတော့ အနိမ့်ဆုံးဈေးကို ပြန်မီအောင် ကန့်သတ်မှုတွေ လုပ်တာပါ။ အခုလိုလုပ်တော့ သူတို့ဆီမှာတော့ ဈေးတွေပြန်တက်လာပေမယ့် ဒီဘက်မှာတော့ ပဲဈေးက ထိုးဆင်းသွားတာပေါ့။ တစ်နှစ်ကို ပဲစင်းငုံက တန်ချိန်နှစ်သိန်း၊ မတ်ပဲက တန်ချိန် သုံးသိန်းပဲ တင် သွင်းခွင့်ရှိမယ်လို့ ကန့်သတ်လိုက် တော့၊ နောက်ပြီး သူတို့မှာ သွင်းထား ပြီးသား ပမာဏကလည်းများတော့ တင်သွင်းဖို့ မသေချာတော့ ဒီမှာ လက်ကျန်ရှိတဲ့ ပဲတွေနဲ့ ထပ်ထွက်လာမယ့် ပဲတွေရှိတဲ့အတွက် ဈေးတွေ ကျဆင်းသွားတာပါ''ဟု ဆိုသည်။          မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ စာရင်းအရ ပဲစင်းငုံလက်ကျန်သည် လက်ရှိအချိန်တွင် တန်ချိန် တစ်သိန်းခန့်ရှိ နေပြီး လာမည့် ၂ဝ၁၈ ခုနှစ် ဖေဖော် ဝါရီလ ဝန်းကျင်တွင် ထပ်ထွက်လာမည့် ပဲစင်းငုံတန်ချိန်မှာ သုံးသိန်း ဝန်းကျင်ရှိနေပြီး၊ ပြီးခဲ့သောလများက စိုက်ပျိုးထားပြီးလည်း ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် မတ်ပဲ လက်ကျန်သည်လည်း တန်ချိန် သုံးသိန်းဝန်းကျင်ရှိနေပြီး ပြီးခဲ့သောလများက စိုက် ပျိုးထားပြီးလည်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် မတ်ပဲလက်ကျန်သည်လည်း တန်ချိန်သုံးသိန်းဝန်းကျင်ရှိနေပြီး ပဲတီစိမ်းလက်ကျန်သည်လည်း တန်ချိန် သုံးသိန်းဝန်းကျင် ကျန်ရှိနေ သေးကြောင်းသိရသည်။ ထို့ကြောင့် ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲတင်ပို့မှု ဒေါ်လာ သန်း ၄၅ဝ ခန့် နစ်နာနိုင်ကြောင်းကိုလည်း သုံးသပ်ပြောဆိုနေကြသည်။

မြန်မာနိုင်ငံသည် အိန္ဒိယသို့ မတ်ပဲနှင့် ပဲစင်းငုံကို အဓိက တင်ပို့နေရပြီး ပဲတီစိမ်းကိုတော့ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံ အချို့သို့ တင်ပို့မှုများပြားသည်ဟု ဆိုသည်။ အိန္ဒိယအစိုးရသည် ပဲတင်သွင်းမှုကို ရုတ်တရက် ကန့်သတ်လျှော့ချလိုက် သောအခါ မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံတို့ ဈေးကွက်ပျောက်ဆုံးရတော့မည့် အနေအထားသို့ ဆိုက်ရောက်သွားသည်။ ထို့ကြောင့် ယခုပေါ်ပေါက်နေဆဲ ပဲလောက ဂယက်ထခြင်းများတွင် အိန္ဒိယတစ်နိုင်ငံတည်း ဈေးကွက်ကိုသာ အားထားနေရခြင်းအဖြစ်ကို  သင်ခန်းစာယူရမည်ဟုလည်း ပဲလောကကုန်သည်များ အချင်းချင်း သုံးသပ်ပြောကြားနေကြသံများကို လည်း ကြားနေရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပဲတင်ပို့မှု အခြေအနေကိုလည်း လေ့လာကြည့်မိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယား များအရ မြန်မာနိုင်ငံသည် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ နှစ်စဉ်တန်ချိန် ၁ဝ သိန်းနှင့် ၁၅ သိန်းကြားတွင် ရှိနေ သည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၅ သိန်းကျော် (တန်ဖိုး ဒေါ်လာ သန်းပေါင်း ၁ဝ၉၁)၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃ သိန်းကျော် (တန်ဖိုး ဒေါ်လာသန်း ၉၅ဝ) ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန်  ၁၄ သိန်းကျော် (တန်ဖိုး ဒေါ် လာသန်း ၁၂ဝဝ)  ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂ သိန်း ကျော် (တန်ဖိုး ဒေါ်လာ သန်း ၁၂၁၅)၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် တန်ချိန် ၁၄ သိန်းကျော် (တန် ဖိုး ဒေါ်လာ ၁၃၉၉) နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဇူလိုင်လကုန် အထိ တန်ချိန် ၆၆၇၉၅၂ (တန်ဖိုး ဒေါ်လာ ၄၈၄) အထိ နှစ်စဉ် အသီးသီး တင်ပို့ထားခဲ့ကြောင်းသိရသည်။ ယခု အိန္ဒိယက မတ်ပဲနှင့် ပဲစင်းငုံကို တစ်နှစ်မှ တန်ချိန်နှစ်သိန်းနှင့် သုံး သိန်းအထိသာ တင်သွင်းမည်ဆိုသော အခါ မြန်မာ့ပဲလောက၏ အရှိုက်ကို ပိတ်အကန်ခံလိုက်ရခြင်း ဖြစ်သွားသည်။

ထိုသို့ မြန်မာ့ပဲလောက အခြေအနေ ယိမ်းယိုင်လှုပ်ယမ်းသွားနေစဉ် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကလည်း နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆိုမှုများ ပြုလုပ်လာသည်။ အိန္ဒိယ၏ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲနှင့် ပတ်သက်ပြီး ယင်းနိုင်ငံသို့ မြန်မာ့ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း တင်ပို့နိုင်ရေးအတွက် ကိုတာ (Quota) အများဆုံး ရရှိအောင် ညှိနှိုင်းပေးရန်နှင့် နိုင်ငံတစ်ခု၊ ဈေးကွက်တစ်ခုတည်းသာ အားပြုတင်ပို့ နေခြင်းမှာ ကာလတို၊ ကာလရှည် အတွက် စိုးရိမ်စရာ အခြေအနေဖြစ် ၍ အခြားနိုင်ငံများသို့ G to G, B to B ဖြင့် တိုးချဲ့တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်နှင့် ဈေးနှုန်းအပေါ် သက်ရောက်နိုင်သော ဈေးကစားခြင်း၊ အထိတ်တလန့်ဖြစ်စေသော ထင်မြင်ချက်များပေးခြင်းများ မပေါ်ပေါက်စေရန် သတင်းအမှန် ထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ပေးရန်များကို တင်ပြတောင်းဆိုလိုက် သည်။ ယင်းသို့ တောင်းဆိုခြင်းသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် အသင်းဝင်များဖြစ်သော ပဲစိုက်ပျိုးသူ တောင်သူများနှင့် အခြားပဲသီးနှံ စိုက်ပျိုးသည့် တောင်သူ များ၏ အကျိုးစီးပွားအတွက်ဟု ဆို သည်။

အမှန်တော့ အိန္ဒိယအစိုးရသည် သူတို့၏ ပဲစိုက်တောင်သူများ၏ အကျိုးစီးပွားကာကွယ်ရေးအတွက် အိန္ဒိယပဲဈေးများပြန်လည် မြင့်တက်လာစေရန် ရည်ရွယ်ပြီး မြန်မာ့ပဲတင်သွင်းမှုကို ထိန်းချုပ်လျှော့ချ လိုက်သော်လည်း ဒေသတွင်း ပထဝီနိုင်ငံရေး အခင်းအကျင်းအရ အရေးပါနေသည့် မြန်မာနိုင်ငံအား အိန္ဒိယသည်လည်း အရေးပါအရာရောက်သော အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ် ကြောင်းကို မေ့နေမည်စိုး၍ ထပ်မံသတိပေးလှုပ်နှိုးလိုက်သည်ဟု ထင် မြင်မိသည်။ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နိုင်ငံကို မှီခိုလွန်းအားကြီးသည်ဟု အိန္ဒိယက ယူဆ ကောင်းယူဆနိုင်သည်။ တရုတ်သည်လည်း မြန်မာနိုင်ငံအား လွှမ်းမိုးလွန်း အားကြီးသည်ဟုလည်း သုံးသပ်နိုင်သည်။ ထိုအခြေအနေတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားမြင့်တက်နေသော မြန်မာနိုင်ငံအား အိန္ဒိယက ပဲတင်သွင်းမှု ကန့်သတ်လျှော့ချလိုက်ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှု ကန့်သတ်လိုက်ခြင်းသည် စက်တင်ဘာလဆန်းထဲတွင် ချစ်ကြည်ရေး ခရီးလာရောက်မည့် အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာနာရိန်ဒရာမိုဒီ၏ ခရီးစဉ်နှင့်လည်း တိုက် တိုက်ဆိုင်ဆိုင် ဖြစ်နေသည်။

ယခုအခါ ထွက်ပေါ်နေသော သတင်းများအရ အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်သည့်အခါ ပဲတင်သွင်းမှု ကိစ္စကို နှစ်နိုင်ငံ အစိုးရများ ညှိနှိုင်း ဆွေးနွေးကြမည်ဟု ဆိုနေကြသည်။ မြန်မာ့ပဲများ ပုံမှန်ပြန်လည်တင်ပို့ ခွင့်ရရေးအတွက် အိန္ဒိယအစိုးရနှင့် အစိုးရချင်း ညှိနှိုင်းမှု မအောင်မြင်ပါက မည်သို့ ပြုလုပ်ကြမည်နည်း။ အစိုးရချင်း ညှိနှိုင်း၍မှမအောင်မြင်ပါက ပဲစိုက်တောင်သူများ ထိခိုက် နစ်နာမှု လျော့နည်းစေရန် နိုင်ငံတော် အစိုးရသည် ပုဂ္ဂလိကနှင့် ပူးပေါင်း ပြီး တောင်သူများ လက်ဝယ်ရှိ ရိတ်သိမ်းပြီးပဲများကို ဝယ်ယူသွားမည်။ ဈေးကွက်တည်ငြိမ်အောင် လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်ဟု သိရသည်။ ဤတွင် ပဲစိုက်တောင်သူ အချို့က 'ဟုတ်ပါ့မလား မောင်ကာ ဠုရဲ့'ဟူသော အသံအချို့ပေါ်ထွက် လာသည်။ တရုတ်နိုင်ငံဘက်က မြန်မာ့ဆန်များ အဝယ်ရပ်ဆိုင်းလိုက် သောအခါ မြန်မာ့စပါးဈေးများ ထိုးကျခဲ့ရဖူးသည်။ ထိုစဉ်ကလည်း တောင်သူလယ်သမားများ၏ လက် ဝယ်တွင် ရှိနေသော စပါးများကို အစိုးရနှင့် ပုဂ္ဂလိက ကုန်သည်များ ပူးပေါင်းပြီး စပါးအမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ကာ ကွင်းဆင်းဝယ်ယူမည်ဟု ထုတ်ပြန်ကြေ ညာဖူးသည်။ ထိုစဉ်က အမှန် တကယ် ဆင်းဝယ်ခဲ့သည်လည်း ရှိ သည်။ ဝယ်မည်ဆိုပြီး မဝယ်ဖြစ် သည်လည်းရှိသည်။ တောင်သူလယ်သမားများ မနစ်နာရေး စပါးဈေးမြှင့်ပြီး ဝယ်ယူမည့် အစီအစဉ် တစ်နိုင်ငံလုံးသို့ မပျံ့နှံ့ခဲ့သည်ကတော့ သေချာသည်။ ထိုအခါ တောင်သူ တို့တွင်လည်း သင်ခန်းစာများရှိထားသည်။

ယခု အိန္ဒိယက ကိုင်လှုပ်ခဲ့သော မြန်မာ့ပဲကိစ္စ ဖရိုဖရဲအတွက် မကြာမီ ထွက်လာတော့မည့် တောင်သူများ လက်ထဲကပဲများကို တကယ်ဝယ်၊မဝယ် စောင့်မျှော်နေကြပါသည်။ မြန်မာ့ပဲတောင်သူများအဖို့ကား သူဌေးသင်္ဘောမှောက်တာထက် သူတောင်းစားခွက်ပျောက်ရမည့်အ ရေးကို တွေးကြောက်နေကြပါကြောင်း တင်ပြလိုက်ရပါသည်။

 

 မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.